ပွင့်ဖြူမြို့မဈေး၌ “ပလတ်စတစ်မသုံးစွဲရနေ့”သတ်မှတ်ထားရှိမှုအား ဈေးသူ၊ ဈေးသားများ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ မြို့မဈေးနှင့် ကျေးလက်စည်ပင်သာယာဈေး (၄)ခုတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန် ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်းဈေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း မလတ်စတစ်မသုံးစွဲရနေ့အဖြစ် စည်းကမ်းချက်သတ်မှတ်ထားရှိမှုအား ဈေးရောင်း၊ ဈေးဝယ်သူများအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဈေးရောင်းချရာတွင် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့် ထုပ်ပိုးရောင်းချခြင်း ရှိ/မရှိ  ဈေးဆိုင်ခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေကို ဈေးသူဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများ သိရှိစေရန် အသိပညာပေး ဆွေးနွေးဟောပြော၍ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)