ပွင့်ဖြူ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စံချိန်စံညွှန်းမမီသော လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ပြည်သူများထံ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် အစားအစာဘေးကင်းလုံခြုံစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုရန်၊ သက်တမ်းလွန်နေသော အစားအသောက်များ ရောင်းချခြင်း မပြုရန် အကြံပြု ဆွေးနွေးကာ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးမှာကြားသည်။
ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဈေးဆိုင်များအလိုက် ရောင်းချနေသည့် လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများတွင် ပြည်သူများအတွက် အစားအစာဘေးကင်းလုံခြုံစိတ်ချရမှု ရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ သက်ရှည်ကျန်းမာစေရန်နှင့် ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးအပါအဝင် မြို့နယ်အတွင်းရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို အသိပညာပေးဆွေးနွေးခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်ဌေးဌေးဝင်းထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)