ဝေါ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့် ပြည့်စုံစေရန်နှင့် ပရိသတ်ရှေ့၌ ပြောရဲ ဆိုရဲသော သတ္တိများ ရှိလာစေရန် လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဥ်ကျေးစွာပြောဆို ဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကို ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာကျောင်းအုပ်ဆရာကြီး ဦးသိန်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင် ကModerator အဖြစ် ဆောင်ရွက်ပေးပြီး အ.ထ.က(ခွဲ) (ဧကရာဇ်) Grade (11) မှ မောင်စိုင်းခန့်ဇော်က လူငယ်နှင့် စာပေခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade(11) မှ မအေးအေးငြိမ်းက အလိမ္မာစာမှာရှိ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11) မှ မောင်ရန်နိုင်က စာဖတ်ခြင်း၏ ဂုဏ်ကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11) မှ မမယ်သော်က စာအုပ်စာပေ လူ့မိတ်ဆွေ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11) မှ မသင်းစုဝေက စာကြည့်တိုက်မှာ ပညာရှာခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ ဆက်)