ဇီးကုန်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား သီရိပျံချီဦးဉာဏ်ဝင်း+ဒေါ်မြင့်မြင့်စိုးမိသားစုတို့က ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်က အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားအား အ.ထ.က(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူလေးများက "ပညာပန်းခင်း"ဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်သီရိပျံချီဦးဉာဏ်ဝင်းက အမှာစကားပြောကြား၍ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်ခင်သင်းရီက ပညာရေးကဏ္ဍဖွင့်ဖြိုးတိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး အောင်ချက်အကောင်းဆုံးမြို့နယ်တတိယဆုနှင့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ရေး စွမ်းဆောင်ပေးခဲ့သောကျောင်းများနှင့် ဇီးကုန်းမြို့နယ်မှ ဘက်စုံထူးချွန်ဆုရ လူရည်ချွန်မောင်မယ်(၃)ဦးအား အလှူရှင်သီရိပျံချီဦးဉာဏ်ဝင်း+ဒေါ်မြင့်မြင့်စိုးတို့က ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များကို ချီးမြင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၃၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ(၁၈)ဦး၊ (၁)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၄၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုငွေများနှင့်ဆုတံဆိပ်များကို ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အ.ထ.က(ဇီးကုန်း)မှ ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းဖြင့်သီဆိုဂုဏ်ပြု၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)