ပြည် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့စာဖြေဌာန၌ ဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲဖြေဆိုအောင်မြင်တော်မူကြသော မြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ထပ်ဆင့်ချီးမြင့်ပူဇော်သည့် ၂၀၂၃ ခုနှစ် ဒဿမအကြိမ်မြောက် "စူဠဘွဲ့နှင်းသဘင်"အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်မြို့ဝင်္ကဘာတောရစာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ အကြည်ညိုခံ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများအမှူးပြုသည့် တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ကာ ပြည်မြို့အထက် ရွှေဟင်္သာကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် အကြည်ညိုခံဆရာတော်ကြီးများထံ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တာဝန်ရှိသူများနှင့်အတူလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဓမ္မာစရိယစာမေးပွဲနှင့် နိကာယ်စာမေးပွဲအောင် သံဃာတော်များနှင့် သီလရှင်များထံ အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ဝင်္ကဘာတောရဆရာတော်ဘုရားကြီးက ရေစက်ချအနုမောဒနာတရားချီးမြှင့်တော်မူသည်။
ယင်းနောက် အကြည်ညိုခံဆရာတော်ကြီးများက ပါဠိပထမပြန်စာမေးပွဲ(ပထမကြီး၊ ပထမလတ်၊ ပထမငယ်)တန်း စာအောင်သံဃာတော်များနှင့်သီလရှင်များ၊ အခြေပြုမူလတန်းစာအောင် ရဟန်း/သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဝတ္ထုငွေများ ပေးအပ်ချီးမြှင့်ပြီး အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲအောင် လူပုဂ္ဂိုလ်များထံ တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းသည်။
ယနေ့ကျင်းပသည့် ပြည်မြို့နယ်၏ ဒဿမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် သာသနာ့ဓမ္မာစရိယ(၁၂)ပါး၊ ဝိနိယဝိဓူ(၆)ပါး၊ ပထမကြီးအောင်(၁၉)ပါး၊ ပထမလတ်အောင်(၃၉)ပါး၊ ပထမငယ်အောင်(၁၈)ပါး၊ အခြေပြုမူလတန်းအောင်(၉၇)ပါး၊ အဘိဓမ္မာ(ဝိသုဒ္ဓိမဂ်)တိုင်းအဆင့်ထူးချွန်(၃)ဦး၊ (အဘိဓမ္မာရိုးရိုး)မြို့နယ်အဆင့်ထူးချွန်(၁)ဦး၊ အဘိဓမ္မာရိုးရိုးသုံးဆင့်အောင်(၅)ဦး၊ အဘိဓမ္မာရိုးရိုးနှစ်ဆင့်အောင်(၄)ဦး၊ အဘိဓမ္မာရိုးရိုးတစ်ဆင့်အောင်(၃၃)ဦး၊ ဂုဏ်ထူးဆောင်နှစ်ဆင့်အောင်(၁)ဦး၊ ဝိသုဒ္ဓိမဂ်တစ်ဆင့်အောင်(၉)ဦးနှင့် ဝိသုဒ္ဓိမဂ်နှစ်ဆင့်အောင်(၁)ဦးတို့အား ထပ်ဆင့်ချီးမြှင့်ပူဇော်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါအခမ်းအနားကို ဂိုဏ်းပေါင်စုံမြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများနှင့် မြို့နယ်အတွင်းကျောင်းတိုက်အသီးသီးမှ ကျောင်းထိုင်ဆရာတော်ကြီးများ၊ စာချဆရာတော်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံနှင့်ရပ်ဝေးရပ်နီးမှ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်၊ ကိုစိုး(ပြန်/ဆက်)