နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နတ်မောက် ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာကို ခေတ်နှင့်အညီလူသားတိုင်း တွင်ကျယ်စွာအသုံးပြုခြင်းကြောင့် လုပ်ငန်းများပိုမိုမြန်ဆန်ထိရောက်လာပြီး၊ အချိန်နှင့် တစ်ပြေး ညီဆောင်ရွက်နိုင်ကြောင်း၊ ကွန်ပျူတာအခြေခံကို သင်ယူတတ်မြောက်ရန်လိုအပ်ကြောင်း၊ သင်တန်းကိုပြီးမြောက်သည်အထိ တက်ရောက်ရန်နှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကို တက်ရောက်လာကြသည့် သင်တန်းသား/သူများကို ရှင်းလင်းပြောကြားခဲ့သည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့ကွန်ပျူတာသင်တန်းကို သင်တန်းသား/သူ စုစုပေါင်း(၁၂)ဦး တက်ရောက်သင်ကြားကြပြီး သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံဘာသာရပ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက်( ၁၀ ) နာရီမှ(၁၁)နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၁၇)ရက်နေ့မှ စတင်၍ (၁)လတိတိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)