ပခုက္ကူ ဇူလိုင် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တာဆီးရေး အသိပညာ ပေးဟောပြောခြင်းနှင့်လက်တွေ့ သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက မုန်တိုင်း၊ မီး၊ ငလျင်၊ မိုးကြိုးနှင့်ရေ စသည့်သဘာဝဘေးအန္တရာယ်အကြောင်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်း များနှင့်ရှောင်ရန်၊ ဆောင်ရန်အချက်များအကြောင်းကိုလည်းကောင်း၊ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်ထူးက မီးသတ်ဦးစီး ဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ၊ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် မီးဘေးလုံခြုံရေး အကြောင်းများ၊ အရေးပေါ်မီးဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက ကနဦးဆောင်ရွက်ရမည့်အချက်များ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း တို့ကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကြသည်။
ဟောပြောပွဲသို့ ပခုက္ကူခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့် နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆)သင်တန်းသူများ တက်ရောက်ကြပြီး ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်နှင့်ငလျင်ဘေးအန္တရာယ်များတို့မှ ကင်းဝေးစေရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား သရုပ်ပြသခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက လျှပ်စစ်မီး၊ လောင်စာ ဆီမီးနှင့်သဘာဝမီးဘေးအန္တရာယ်များအား မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်နည်း၊ လက်ဆင့်သယ်ရေပုံးဖြင့် မီးငြှိမ်းသတ်နည်း၊ အဝတ်ရေစိုဖြင့် ဖုံးအုပ်မီးငြှိမ်း သတ်နည်းများအား သရုပ်ပြသခြင်းများပြုလုပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ ဆောင်ရွက်စေကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)