မင်းဘူး ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ကန်ရေ အ.လ.က၊ ကုန်းသာ အ.ထ.က(ခွဲ)၊ ဆင်ခေါင်း အ.ထ.က (ခွဲ) ကျောင်းများတွင် ကျင်းပခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်ကလေးများ အသိပညာဗဟုသုတများရရှိပြီး၊ ပတ်ဝန်းကျင်တွင် ကြုံတွေ့လာမည့်အခက်အခဲများ အလွယ်တကူဖြေရှင်းနိုင်ရန် စာပေဗဟုသုတ၊ ကြုံတွေ့လာမည့် သဘာဝဘေး၊ ထိန်းသိမ်းနေထိုင်ရမည့် သဘာဝပတ်ဝန်းကျင်၊ ကုန်အမှတ်တံဆိပ်နှင့် အမှတ်အသားများကို စစ်ဆေးကြည့်ရှုစားသောက်ရမည့် စားသောက်ကုန်များအကြောင်းကို မိမိတို့၏ ကဏ္ဍအလိုက် အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အားကစားအသုံးအဆောင်ပစ္စည်းများနှင့် အသိပညာပေး စာအုပ်စာစောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)