ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီဆွဲပြိုင်ပွဲများကျင်းပ

ငဖဲ  ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီဆွဲပြိုင်ပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာထက်၊ လယ်၊ မူကျောင်း (၅)ကျောင်း တွင် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူးဦးကျော်ဝင်း ကဦးဆောင်၍ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ကြီးကြပ်ကာ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ပဘဲ ကျေးရွာ မူလတန်းလွန်ကျောင်းနှင့် လေသာကျေးရွာအခြေခံပညာမူလတန်းကျောင်း(ခွဲ)တို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဇင်ပြွန်းကျေးရွာ အခြေခံ ပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ပဒါန်းတောင်မူလတန်းလွန်ကျောင်း တို့တွင် စာစီစာကုံးပြိုင်ပွဲနှင့် ပဘဲကျေးရွာ မူလတန်းလွန်ကျောင်းတွင် ပန်းချီဆွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များကို သိရှိစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်အပေါင်းတို့၏ မျိုးချစ် စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ်စေတနာမှန်ဖြင့် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့ ကြသည့် အာဇာနည်တို့၏ဂုဏ်ရည်ကို အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစား မြတ်နိုးတတ်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်များ ထာဝစဉ် ရှင်သန်ထက်မြက် စေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ စာစီစာကုံး၊ကဗျာနှင့် ပန်းချီဆွဲပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မယု(ငဖဲ)