မင်းဘူး ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ရိုးရာခြင်းလုံးခတ်အားကစားနည်းကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် မြန်မာ့ရိုးရာခြင်းပညာအမွေကို ယနေ့ခတ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ကျင်းပသည့် စလင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာခြင်းလုံးခတ်အားကစားပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၁၀ နာရီ အချိန်က စလင်းမြို့နယ် မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ရိုးရာခြင်းလုံးဆပ်ကော်မတီမှ နည်းပြအဖွဲ့များနှင့် ချစ်ပြုံးနှင်းဆီကလပ်မှ ရိုးရာခြင်းလုံး သရုပ်ပြအလှခတ်အဖွဲ့တို့မှ ရိုးရာခြင်း အလှခတ် ကစားနည်းမျိုးစုံးဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ပြီးနောက် တက်ရောက်ကြလာသော ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား လည်ဆွဲ၊ ဆုတံဆိပ်၊ ငွေသားဆုများနှင့် ရိုးရားခြင်းလုံးများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ စလင်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားရိုးရာ ခြင်းလုံးခတ်အားကစားပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် ပေါင်းနားအသင်း၊ ဆင်ကိုးကောင်အသင်း၊ ဆင်ဖြူကျွန်းမြို့မအသင်း၊ ချစ်ပြုံးနှင်းဆီအသင်းနှင့် ထီးကြီးအသင်းတို့မှ ပြိုင်ပွဲဝင်အသင်းပေါင်း(၅)သင်းဖြင့် အုပ်စုပတ်လတ်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပထမဆုကို ချစ်ပြုံးနှင်းဆီအသင်း၊ ဒုတိယဆုကို ပေါင်းနားအသင်းနှင့် တတိယဆုကို ဆင်ဖြူကျွန်းမြို့မအသင်းတို့က ဆုတံဆိပ်များကိုဆွတ်ခူးရရှိခဲ့ကြောင်း စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)