ကော့သောင်း၊ အောက်တိုဘာ ၁၃
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးအား အောက်တို ဘာလ ၁၂ရက်နေ့ ညနေပိုင်းက ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီး၊ သီးသန့်ဆောင် တွင် အထူးကြပ်မတ် ဆေးဝါးကုသမှုခံယူ လျက်ရှိကြောင်း ကော့သောင်းခရိုင် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ပိုးတွေ့သူမှာ လာမည့်ရွေးကောက်ပွဲကာလ မဲရုံလုံခြုံရေး လုပ်ငန်းများဆောင်ရွက်ရန် ကော့သောင်းမြို့တွင် ဖွင့်လှစ်ပို့ချပေး လျက်ရှိသည့် အထူးရဲသင်တန်း တက်ရောက် လျက်ရှိသည့် သင်တန်းသား၇၉ဦးနှင့် အုပ်ချုပ်သူနည်းပြ၁၄ဦးတို့ အား COVID-19 Antigen Repid Tast Kit ဖြင့် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့သည့် အသက်(၂၉)နှစ်အရွယ် သင်တန်းသားအမျိုးသားတစ်ဦးဖြစ်သည်။
အဆိုပါပိုးတွေ့လူနာအား ကော့သောင်းခရိုင်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်များဖြင့် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်သို့ ပို့ဆောင်ထားရှိ ဆေးဝါးကုသမှုခံယူလျှက်ရှိပြီး ၎င်း၏ဆက်စပ် မိသားစု များအား ကော့သောင်းမြို့ Facility Quarantine စခန်းတွင်ပြောင်းရွေ့ထားရှိ စစ်ဆေးစောင့်ကြည့် လျက်ရှိ ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)