မြိတ် ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ အပန်းဖြေသွားလာဆောင်ရွက်လျက်ရှိသည့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ဇူလိုင်(၁၅)ရက်နေ့ နံနက်ပိုင်းက ကမ်းနားလမ်းတစ်လျှောက်နှင့် ကမ်းနားရေပြင်တစ်လျှောက်တို့တွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အမှိုက်များကောက်ယူ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် အမှိုက်များစွန့်ပစ်ခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ပုလဲရတနာခန်းမအရှေ့စုရပ်မှစတင်ကာ ကမ်းနားလမ်းတစ်လျှောက်တွင် အမှိုက်သရိုက်များကောက်ယူရှင်းလင်းခြင်း၊ ကမ်းနားရေပြင်တစ်လျှောက်တို့တွင် အမှိုက်ဆယ်ယူခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများက ကမ်းရိုးတန်း သယံဇာတများအပေါ် ထိခိုက်နိုင်မှု ဖြစ်စေနိုင်သည့် စွန့်ပစ်အမှိုက်များ စနစ်တကျထိန်းသိမ်း ဆောင်ရွက်နိုင်ရန် “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။ ထို့အတူ ကမ်းနားလမ်း၊ ပလက်ဖောင်း၊ ကမ်းစပ်၊ မြစ်ချောင်း၊ ပင်လယ်အတွင်းသို့ “အမှိုက်စွန့်ပစ်ခြင်း မပြုရ” သတိပေးဆိုင်းဘုတ်များကို တာဝန်ရှိသူများက စိုက်ထူခဲ့ကြသည်။
ပြည်သူများ အပန်းဖြေသွားလာလျက်ရှိသည့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး အတွက် အမှိုက်ရှင်းလင်းဆယ်ယူခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတိပေးဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)