ဘားအံ ဇူလိုင် ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က သက်တော်(၅၉)နှစ်၊ သိက္ခာတော်(၃၉)ဝါရှိ ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဓမ္မဝါသီကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တရမထေရ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနပူဇာသဘင် ရေစက်ချ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆရာတော်ဘုရားကြီး၏ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က နိုင်ငံတော် ဩဝါဒစရိယကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစ က ပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ခေမာရာမကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသောပါကအရှင်သူမြတ်ကဖတ်ကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သောဝမ်းနည်းကြောင်း သဝဏ်လွှာကို ပြည်နယ်သာသနာရေး ဦးစီးမှူး ဦးဖြိုးဇော်ဇော်က ဖတ်ကြားကာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က အနိစ္စာဝတသင်္ခါရာ အစရှိသော ၃ ဂါထာဖြင့် အသုဘကမ္မဌာန်းပွားများကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေကြပြီး ဘဝနတ်ကျောင်း ရွှေ့ပြောင်းကျောင်းထိုင်တော်မူသွားသော ဓမ္မဝါသီကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တရမထေရ် ၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဓမ္မဝါသီကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မဟာဂန္ထဝါစ ကပဏ္ဍိတ ဘဒ္ဒန္တဥတ္တရမထေရ်၏ ဥတုဇရုပ်ကလပ်တော်အား ဈာပနကျင်းပရာတောင်ကလေးကွင်းသို့ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်၍ ည ၈ နာရီအချိန်တွင် မီးပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)