ဒေးဒရဲမြို့၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးကြီးကြပ်ကော်မတီတို့ ဦးစီးကျင်းပသည့်  ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဖျာပုံခရိုင် ပညာရေးမှူး ဒေါ်အေးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဒေးဒရဲမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၄၈၇)ဦးအနက် (၃၄၁)ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုအနေဖြင့် (၇၀.၀၂) ရာခိုင်နှုန်းအထိရှိခဲ့ရာ ယခင်နှစ်ထက် (၂၀) ရာခိုင်နှုန်း ပိုမိုတိုးတက်အောင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးကြီးကြပ်မှုကော်မတီနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တွဲလက်ညီညီ ကြိုပမ်းအားထုတ်မှုအပေါ် အခမ်းအနားဖြင့် ဂုဏ်ပြုခြင်းဖြစ်ပြီး အောင်မြင်မှုများ ရရှိအောင် သင်ကြားပြသပေးခဲ့သော ဘာသာရပ်သင် ဆရာ၊ ဆရာမများအား အထူးကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဖျာပုံခရိုင် ပညာရေးမှူး ဒေါ်အေးမြင့်က မြို့နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံး ကျောင်း (၃) ကျောင်းအား ဆုများ ချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အမျိုးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်တို့က ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် လေးဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၀)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၉၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၇၁)ဦးအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ ဆက်)