ကန်ကြီးထောင့် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့နေ့လည် (၃:၀၀) နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါဗိုလ်လုပွဲတွင် ရှမ်းရွာတိုက်နယ်အသင်းနှင့် ဒါးကတိုက်နယ်အသင်းတို့မှ ယှဉ်ပြိုင်ကစားကြရာ ဒါးကတိုက်နယ်အသင်းမှ ရှမ်းရွာတိုက်နယ်အသင်းအား ၁ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ဆက်လက်၍ ပထမဆုရရှိသော ဒါးကတိုက်နယ်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ရှမ်းရွာတိုက်နယ်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများမှ နေရာအလိုက် အကောင်းဆုံးကစားသမားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆုရရှိသူများမှ အသီးသီးလက်ခံရယူခဲ့ကြသည်။ကန်ကြီးထောင့်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဇွန်လ (၂၅) ရက်နေ့မှစတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြရာ တိုက်နယ် (၉) ခုမှ အသင်း (၉) သင်း ယှဉ်ပြိုင်ကစားခဲ့ ကြောင်းသိရသည်။
ကျော်ဇင် (ပြန်/ဆက်)