ရေတာရှည် ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြစ်၊ ချောင်း၊ သဘာဝရေပြင်များတွင် ငါးမျိုးပြန်းတီးမှု မဖြစ်ပေါ်စေရန်၊ ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ရေတာရှည်မြို့ ကြံသနွယ်ကျေးရွာအုပ်စုရှိ လှေကွဲတံတား အနီးဖျံချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငါးမျိုးစိုက်ထည့်ရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ရေတာရှည်မြို့၊ ဖျံချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်း (၂)လက်မအရွယ် ငါးမျိုးပေါက် အကောင် (၂၀၀၀၀၀)၊ ငါးခုံးမကြီး (၂) လက်မအရွယ် ငါးမျိုးပေါက် အကောင် (၁၀၀၀၀၀)၊ စုစုပေါင်းငါးမျိုးပေါက်အရေအတွက် အကောင် (၃၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန် / ဆက်)