အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝေငှ

ပဲခူး အောက်တိုဘာ ၁၃

အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် (၂၀၂၀)ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အနေဖြင့် ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပဲခူးမြို့ ပေါ်ရှိ နေရာ(၉)ခု၌ ပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝေငှဖြန့်ဝေပေးကြကြောင်း သိရသည်။

ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေပေးရာတွင် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်နှင့် ဝန်ထမ်းများက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)မှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Logo အမှတ်တံဆိပ်ပါ Mask (၂၆၀၀)ခု၊ Brac Myanmar နှင့် UNDP တို့၏ ပူးပေါင်းမှုဖြင့် Mask (၁၀၀၀၀)ခု၊ ဆပ်ပြာ(၂၅၀၀)တောင့်၊ Face Shield (၅၀၀)ခုနှင့် Hand Sanitizer ဘူးကြီး (၃၀)ဘူးတို့အား ဝေငှဖြန့်ဝေ ပေးခြင်း၊ မော်တော်ယာဉ်ဖြင့် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ကြသည့်အပြင် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများကလည်း ၎င်းတို့နှင့်သက်ဆိုင်ရာ ခရိုင်/မြို့နယ်များ တွင် Mask၊ ဆပ်ပြာ၊ face shield များအား ပြည်သူများ၏ လက်ဝယ်သို့ ဝေငှဖြန့်ဝေပေးကြကြောင်း သိရ သည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို မြန်မာနိုင်ငံ၌ ၂၀၁၀ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) အရဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက်များကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်၊ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၏ ဦးစားပေးလုပ်ငန်း စဉ်ဖြစ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေများကို စနစ်တကျစီမံဆောင်ရွက်နိုင်ရန်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက်များတွင် ကူးစက်ရောဂါ အပါအဝင် ဇီဝဗေဒဆိုင်ရာဘေးအန္တရာယ်များအတွက် အစီအမံများကိုပါ ထည့်သွင်းရေးဆွဲဆောင်ရွက်နိုင်ရန်တို့ကို ရည်ရွယ်ပြီး ယခုနှစ်တွင် "It's All About Governance" "ပေါင်းစည်းညီညွတ်သော စီမံဆောင်ရွက်မှုမှသည် သဘာဝဘေးလျော့ပါးရေးဆီသို့" ဆိုသည့် ဆောင်ပုဒ် အား အတည်ပြုချမှတ်ထားကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)