ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသားလူငယ်လေးများအား သိသင့် သိထိုက်သည်များနှင့် ဆောင်ရန်ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု၊ မင်္ဂလာကုန်းကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမဆောင်၌ပြုလုပ်ကျင်းပသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ယင်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမိုးကျော်က ကျောင်းသားလူငယ်များအား အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်အသိပညာပေးဟောပြောပွဲအား ဆက်လက်ကျင်းပရာ မြို့မရဲစခန်းမှူး ဒုရဲမှူး လွင်ကိုကိုဦးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ ရှောင်ရန် ဆောင်ရန်များနှင့် ယာဉ်စည်းကမ်းဥပဒေ လမ်းစည်းကမ်းဥပဒေများအား ပြောကြားပြီး မြို့နယ်ဥပဒေအထောက်အကူပြုအဖွဲ့ ဥပဒေအကြံပေး ဒေါ်နန်းညွန့်ညွန့်ဆွေက မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များနှင့် ပြစ်မှု ပြစ်ဒဏ် ဥပဒေများအား ကျောင်းသားလူငယ်များအား သိရှိနားလည် လိုက်နာနိုင်စေရေးအတွက် ပြောဟောခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ ဆက်)