စေတုတ္တရာ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များအား ဖွင့်ဖောက် စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
ဆန္ဒမဲလက်မှတ်များအား ဖွင့်ဖောက်စစ်ဆေးခြင်းပြုလုပ်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်း၍ ဆန္ဒမဲလက်မှတ် များအား သက်ဆိုင်ရာ လွှတ်တော်များအလိုက် မှန်/မမှန်စစ်ဆေးခြင်း၊ ဆန္ဒမဲလက်မှတ်များ အရွက်ရေပြည့်မပြည့် စစ်ဆေးခြင်းနှင့် မဲဆန္ဒရှင်ဦးရေအလိုက် အုပ်ရေပြည့်မပြည့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆန္ဒမဲ လက်မှတ်များအား လုံခြုံမှုရှိစေရေးအတွက် မြို့နယ်မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်တွင် အပ်နှံသွားမည် ဖြစ်ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ(၆၉)ရုံဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၁၆၅၁၃)ဦး၊ မ(၁၈၁၀၀)ဦးရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၃၄၆၁၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)