ကရင်ပြည်နယ်အတွင်း မျိုးကောင့်မျိုးသန့်လွှမ်းခြုံစိုက်ပျိုးနိုင်ရန် မျိုးစေ့ထုတ်စိုက်ခင်းဧက(၁၀၀၀)စိုက်ပျိုး၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

ဘားအံ ဇူလိုင် ၁၆

စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းစီးပွားမြှင့်တင်နိုင်ရေးအတွက် လယ်ယာထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်လိုပြီး မျိုးကောင့်မျိုးသန့်လွှမ်းခြုံစိုက်ပျိုးနိုင်ရန် မျိုးစေ့ထုတ်စိုက်ခင်းဧက(၁၀၀၀)ခန့်ကို ပြည်နယ်အတွင်း စိုက်ပျိုးလျက်ရှိကြောင်း ယမန်နေ့ နံနက်  ၈ နာရီခန့်က ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ ကော့နန်းသာကျေးရွာ၊ ဦးပိုင်အမှတ်-၂၄၄၊ ကွင်းအမှတ်-၁၁၉၂ (က)ရေတံခွန်းကွင်းရှိ တောင်သူဦးဟုတ်ရှိန်၏ လယ်(၅)ဧက၌ကျင်းပသည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း စုပေါင်း စိုက်ပျိုးပွဲနှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲမှသိရသည်။

စုပေါင်းစိုက်ပျိုးပွဲနှင့်မြေဩဇာထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ပြည်နယ်အတွင်းမိုးစပါးဧက ၄၃၀၄၆၇ (လေးသိန်းသုံးသောင်းလေးရာခြောက်ဆယ်ခုနှစ်ဧက) စိုက်ပျိုးရန်လျာထားရာ ဘားအံမြို့နယ်အနေဖြင့် ဧက ၁၁၀၀၀၀(တစ်သိန်းတစ်သောင်း)ကျော် စိုက်ပျိုးမည်ဖြစ်သည့် အတွက် အရေးကြီးသည့်မြို့နယ်အနေဖြင့် လျာထားချက်ပြည့်မီကျော်လွန်အောင် အချိန်မီထွန်ယက်စိုက်ပျိုးရန်လိုကြောင်း၊ သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို လိုက်နာရန်လိုအပ်သကဲ့သို့ မျိုးကောင်း/ မျိုးသန့်များရွေးချယ်စိုက်ပျိုးခြင်းသည်လည်း အထွက်နှုန်း ၂၀ ရာခိုင်နှုန်းခန့်ပိုမိုတိုးထွက် လာနိုင်သည်ကို သုတေသနစာတမ်းများတွင် ဖော်ပြထားပါကြောင်း၊ သီးနှံအထွက်နှုန်းကောင်းစေရန် လိုအပ်သည့် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံစိုက်ပျိုးနိုင်ရေးအတွက် ကျေးရွာတိုင်းမျိုးစေ့ထုတ်စိုက်ခင်းများထူထောင်ကြရန်၊ သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှိုင်ကမ္ဘာ၊ ကော့ထမလိန်း၊ တော်ပုံကျေးရွာအုပ်စုများမှ မျိုးစေ့ထုတ်တောင်သူများအတွက် သဘာဝမြေဩဇာ ၅၀ အိတ်နှင့် ယူရီးယားဓာတ်မြေဩဇာ ၂၅ အိတ်တို့ကို ထောက်ပံ့ပေးအပ်ရာ မျိုးစေ့ထုတ်တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒုံရင်း စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများသည် ဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ခင်း(၅) ဧကတွင် တောင်သူများစုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကောက်စိုက်သမများနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဒုံရင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း၏ School Garden (၀ ဒဿမ ၅၀)ဧက၌ နှစ်ရှည်ဟင်းသီးဟင်းရွက်(၈)မျိုး စုပေါင်းစိုက်ပျိုးပွဲအခမ်းအနား သို့တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့်အတူ ဆူးပုတ်၊ ကင်ပွန်းချဉ်၊ ဒန့်သလွန်  အစရှိသော နှစ်ရှည်ဟင်းသီးဟင်းရွက် ၃၃၃ ပင်နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များ၊ စင်တင်သီးနှံများကို အတူတကွစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဒုံရင်းစိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း နှစ်ထပ်စာသင်ဆောင်တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့တော်အင်္ဂါ ရပ်များနှင့်အညီ Green City‚ Clean City ဖြစ်စေရေးအတွက် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဘားအံမြို့ပေါ်ရှိ ကျောင်းကန်ဘုရားများနှင့် အထင်ကရနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ သေဋ္ဌာမာရ်အောင်ဘုရာကြီး၊ ဘားအံတက္ကသိုလ်၊ ပြည်နယ်ကမ္မဌာန်းကျောင်း၊ သီရိဟေမာသီလရှင်စာသင်တိုက်တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၃၄၉ ဦးဖြင့် ယာဉ်၊ ယန္တရားများအသုံးပြု၍ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့်စွန့်ပစ်အမှိုက်များ ရှင်းလင်းဖယ်ရှားခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ သေဋ္ဌာမာရ်အောင်ဘုရာကြီးနှင့် ဘားအံတက္ကသိုလ်တို့တွင် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ ဆက်)