မြိတ်တက္ကသိုလ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း (သာမန်)အဆင့်သင်တန်း(၁/၂၀၂၃)နှင့် သက်မွေးပညာ အထောက်အကူပြု သင်တန်းများဖွင့်လှစ်

မြိတ်  ဇူလိုင်  ၁၆

မြိတ်တက္ကသိုလ်တွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း(သာမန်)အဆင့် သင်တန်း(၁/၂၀၂၃)နှင့် သက်မွေးပညာ အထောက်အကူပြု ထိုင်းဘာသာစကားသင်တန်းနှင့်  သံချည်/ သံကွေး/ ဂဟေဆက်သင်တန်းများကို  တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးပြုစုခြင်း(သာမန်)အဆင့်သင်တန်းကို တက္ကသိုလ်ကျောင်းသား/ သူများမှတဆင့် လူထုအတွင်းသို့ ရှေးဦးပြုစုခြင်းပညာရပ်နှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး ထိုင်းဘာသာစကားသင်တန်းနှင့်  သံချည်/ သံကွေး/ ဂဟေဆက်သင်တန်းများကို ပညာရပ်များ သင်ကြားတတ်မြောက်ပြီး သက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဦးပြုစုခြင်း(သာမန်)အဆင့်သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်း သဘောတရားနှင့်အတွေးအခေါ်၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့်လုပ်ငန်းစဉ်များ၊ ခန္ဓာကိုယ်တွင်းသွေး လှည့်ပတ်သွားလာခြင်း၊ လူနာဆန်းစစ်ခြင်းနှင့် ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့်ပြုစုနည်း၊ သွေးယို စီးခြင်း၊ SHOCK ၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ အရိုးကျိုးခြင်းနှင့် ပတ်တီးစည်းခြင်း၊ ကိုယ်ကွယ်ခြင်းနှင့် စနစ်တကျသယ်ယူပို့ဆောင်ခြင်း၊ အခြေခံအသက်အထောက်အကူပြုနည်း၊ ဆို့နင်ခြင်း၊ သတိလစ်ခြင်းနှင့် Recovery Position၊ ရာသီဥတု ပြောင်းလဲခြင်းနှင့်ဘေးအန္တရယ်များ စသည့် သင်ခန်းစာများကို သင်ကြားပေးသွားမည်ဖြစ်သည်။

ထို့အတူ ထိုင်းဘာသာစကားသင်တန်းတွင်  အခြေခံ ဗျည်း/ သရ၊ အသံဖြတ်ပုဒ်၊ နေ့စဉ်အသုံးပြုသည့် အခေါ်အဝေါ်များ၊ အဓိပ္ပာယ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး သံချည်/ သံကွေး/ ဂဟေဆက်သင်တန်းတွင် လုပ်ငန်းသုံး သံအမျိုးအစား/ သံချောင်းအမျိုးမျိုး၊ လုပ်ငန်းသုံးကိရိယာများ၊ သံချောင်းအမျိုးမျိုးကို ဖြောင့်ခြင်း၊ ဖြတ်တောက်ခြင်း၊ အကွေးအမျိုးမျိုး(အဓိပ္ပာယ်အသုံးပြုပုံ)၊ ကွေးရန်ပြင်ဆင်ခြင်း၊ ကွေးခြင်း၊ ချည်ခြင်း၊ ဆက်နည်း အမျိုးမျိုး၊ တပ်ဆင်ခြင်းနှင့် သွပ်နန်းကြိုး အသုံးပြုခြင်းစသည့် သင်ခန်းစာများကို သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သင်တန်းများကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းသန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းက ကြက်ခြေနီ ရှေးပြုစုခြင်း(သာမန်) အဆင့်သင်တန်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ရှေးဦးပြုစုခြင်း(သာမန်)အဆင့်သင်တန်းကို သင်တန်းသား/ သူ(၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလ(၇)ရက်၊ ထိုင်းဘာသာစကားသင်တန်းကို သင်တန်းသား/ သူ(၅၀)ဦးတက်ရောက်ခဲ့ကြပြီး ဇူလိုင်(၁၅)ရက်မှ စက်တင်ဘာ(၁၀)ရက်အထိ၊ သံချည်/ သံကွေး/ ဂဟေဆက်သင်တန်းကို သင်တန်းသား(၁၅)ဦးတက်ရောက်ခဲ့ကြပြီး ဇူလိုင်(၁၇)ရက်မှ ဩဂုတ်(၃၁)ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ ဆက် )