ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ဖြူး ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အတတ်ပညာတစ်ခုဖြင့် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေမှ ယခုလို သင်တန်းဖွင့်လှစ်ပေးခြင်းမှာ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချနိုင်ကြောင်း၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြင့် အိမ်တွင်းမိသားစုဝင်ငွေလည်း ရရှိမှာဖြစ်သောကြောင့် အကျိုးရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆပ်ပြာဆီပြုလုပ်နည်းကို လက်တွေ့ပြုလုပ်သင်ကြားပေးရာ သင်တန်းသား/သူများဖြစ်ကြသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖြူးမြို့နယ် Woman Club အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စိတ်ပါဝင်စားသူလူငယ်များ စုစုပေါင်း (၁၈) ဦးခန့် တက်ရောက်လေ့လာ သင်ယူခဲ့ကြကြောင်းနှင့် ဆပ်ပြာဆီကုန်ကြမ်းမှာ (၃) မျိုးစပ်၊ (၅) မျိုးစပ်၊ (၈) မျိုးစပ်၊ (၁၀) မျိုးစပ် အမျိုးမျိုးပြုလုပ်နိုင်ပြီး (၁၀) မျိုးစပ်အား (၁၀၀၀၀) ကျပ်ဖိုးရင်းနှီးပြုလုပ်လျှင် ဆပ်ပြာဆီ (၁) လီတာဗူး (၂၂) ဗူး ရရှိ၍ တစ်ဗူးလျှင် (၁၀၀၀) ကျပ် ရောင်းရကြောင်း အဆိုပါသင်တန်းမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)