ကယားပြည်နယ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပပြုလုပ်

လွိုင်ကော် ဇူလိုင် ၁၆

၂၀၂၃ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)ပရိဝုဏ်အတွင်းကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊  ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ  နှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များ ကိုဖြန့်ဝေပေးအပ်ရာ အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူး၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ချိကယ်)မှ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြပြီးသစ်ပင် စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက ပျော်ရွင်စွာ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ ပါဝင်သည့် လူထုဖြန့်ပျိုးပင် (၁၀၀၀၀၀)ကို ပျိုးထောင်ထားပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်တွင် အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ ထင်းရှုး၊ ကံ့ကော်၊ မဟော်ဂနီ၊ ခါတော်မီ၊ ခရေ၊ စိန်ပန်းကလေး၊ ဆီသပြေ၊ ဝါးဘိုးဝါး စသည့်သစ်မျိုး(၉)မျိုး စုစုပေါင်း (၃၀၀)ပင်ကို သစ်ပင်စိုက်ပျိုး ပွဲတော်သို့ တက်ရောက်လာကြသည့် အင်အား(၃၀၀)ကျော်တို့က ပျော်ရွင်စွာဖြင့်စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ ဆက်)