ဖောင်းပြင် အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်း ရောင်စီမံကိန်းဖြင့် ကျေးရွာယူနစ် ၂၈ ယူနစ်၊ အကျိုးပြုကျေးရွာပေါင်း ၃၁ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများမှ ပြည်သူများအတွက် မိသားစုဝင်ငွေ တိုးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူး ဦးအွမ်တမ်ဟုန်းနှင့် ဝန်ထမ်းများက ရွှေညောင်ပင်ကျေးရွာနှင့် ပုဂံတောင်ကျေးရွာနှစ်ပေါင်းတစ်ယူနစ်အတွက် ဆဋ္ဌမနှစ်စက်ဝန်း ချေးငွေကျပ် သိန်း (၅၇၀)ကို အောက်တိုဘ ၁၂ ရက်နေ့က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၈ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၃၆ ဦး၊ တစ်နိုင်တစ်ပိုင် ဈေးအရောင်းအဝယ်လုပ်ကိုင်မည့်သူ ၃၃ ဦးတို့အတွက် စုစုပေါင်းငွေကျပ် သိန်း (၅၇၀) ကို ကျေးရွာမှ ကော်မတီဝင်များနှင့်အတူ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ် တကျ ထုတ်ချေးပေးခဲ့သည်။
အဆိုပါကျေးရွာတို့၌ မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာနှစ်ရွာကြား ကျေးရွာချင်းဆက်လမ်း ကောင်းမွန် စေရေးအတွက် လမ်းအရှည်ပေ ၃၅၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်ရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို စီမံကိန်းရန်ပုံငွေကျပ် ၆ ဒသမ ၁၂၃ သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၁ ဒသမ ၅၃၂ သန်းဖြင့် ၂၀၁၈ ခုနှစ်က ဆောင်ရွက်ထားရှိကြောင်း ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိ ရသည်။
ကိုထွန်း(ဖောင်းပြင်)