သာပေါင်း ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ကြက်ခြေနီ အသင်းခွဲငယ် ဖွဲ့စည်းထားပြီးသော အခြေခံပညာကျောင်းများတွင်”ကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲများ”ကို သာပေါင်းမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) (သဲဖြူ)၊ အခြေခံပညာအလယ်တန်းကျောင်း (ကျွန်းကုန်း)၊ အခြေခံပညာအလယ်တန်းကျောင်း (နန်းလုံး ကြိုင်)၊ အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)ကျောင်းများ၌ ဇူလိုင်လ ၁၄ ရက်နေ့၊နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ကျင်းပ ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲများကို သာပေါင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်ညီညီမင်းနှင့်ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင်၊ဒုတိယတပ်ခွဲမှူး ဦးတင်မိုး၊ တပ်ကြပ် ဦးပြည့်ဖြိုးသူတို့က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသော ရည်ရွယ် ချက်နှင့် အကြောင်းရင်းများကို မိတ်ဆက်ပြောကြားခဲ့ပြီး ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့် ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေးဦးပြုစုခြင်း၏ အရေးပါပုံနှင့် နည်းစနစ်များကို လက်တွေ့သရုပ်ပြသကာ ဟောပြောဆွေးနွေးခဲ့ပြီး အသင်းခွဲငယ် ဖွဲ့စည်းပုံကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းကြက်ခြေနီအသင်းခွဲငယ် တာဝန်ခံအဖွဲ့နှင့် တွေ့ဆုံ၍အသင်းခွဲငယ် ဖွဲ့စည်းရခြင်းနှင့် ပတ်သက်သော ရည်ရွယ်ချက်များ၊ဆောင်ရွက်ရမည့်လုပ်ငန်းများ၊မြို့နယ်အသင်းခွဲမှ ဆောင်ရွက်ပေးနိုင်မည့်အစီအစဥ်တို့ကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာ၊ ကြက်ခြေနီလှုပ်ရှားမှုနှင့် ပတ်သက်သော စာအုပ်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊အသိပညာပေး ဗီနိုင်းပိုစတာများနှင့်ရှေးဦးပြုစုခြင်းဆေးအိတ်ငယ်များကို အသင်းခွဲငယ် ဥက္ကဋ္ဌများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)