ကန့်ဘလူမြို့ပေါ်ရှိ စားသုံးဆီရောင်းချသောကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်

ကန့်ဘလူ ဇူလိုင် ၁၆

စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၄ ရက်နံနက် ၁၀ နာရီခွဲအချိန်က ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူ ပူးပေါင်းအဖွဲ့များက ကန့်ဘလူမြို့ပေါ်ရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ဖြင့် ကန့်ဘလူမြို့ပေါ်ရှိ စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Good Choice အဆင့် မြင့်စားသုံးဆီနှင့် Duck ဟင်းသီးဟင်းရွက်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ကြောင်းသိရသည်။

ယင်းသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမျိုးသန်းက စားသုံးဆီအမျိုးမျိုးရောဂ်းချသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် ( ၂/၂၀၁၉) ပါ ကုန်စည်အုပ် စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များ၊ မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသားများ လုံးဝ(လုံးဝ)ဖော်ပြထားခြင်းမရှိဘဲ အခြားဘာသာများဖြင့် ဖော်ပြထားသောကုန် စည်များအား ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဥပဒေအရ အရေးယူခံရနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)