ပွင့်ဖြူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေ ရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးသည့် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပွင့်ဖြူမြို့နယ် တပ်မတော်ဝါစိုက်ပျိုးရေး တပ်ဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ပွင့်ဖြူမြို့နယ်တပ်မတော်ဝါစိုက်ပျိုးရေးတပ်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့် အရာရှိ၊ အရာခံစစ်သည်များနှင့် မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့နယ် သစ်တော်ဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများ၊ စုစုပေါင်းအင်အား (၁၇၃)ဦးခန့် တက်ရောက်ကြပြီး အရိပ်ရတမာပျိုးပင် ၆၀၀အား တက်ရောက်လာသူများက သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ယခု အကောင်အထည်ဖော် စိုက်ပျိုးသည့် အရိပ်ရပင်များကို ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေးအတွက် မြို့နယ် တပ်မတော်ဝါစိုက်ပျိုးရေးတပ်ရှိ တပ်ဖွဲ့ဝင်စစ်သည်များက စနစ်တကျ ပြုစုထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့်နှစ်စဉ် ဌာနဆိုင်ရာများ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင် အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)