ဖြူး ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျေးလက်ဒေသများထိပါ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးနေလျက်ရှိရာယနေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ ညောင်ကားယား အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်(၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးများဖြစ်ကြသည့် ဒေါ်ဇင်မင်းထွန်းနှင့် ဒေါ်တင်နွယ်ဝင်းတို့သည် ကျောင်းသား/ကျောင်းသူများအား တကိုယ်ရည်သန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်မိုးရာသီတွင် အဓိကဖြစ်ပွားတတ်သော နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကို ကုသပေးခြင်း၊ တိုင်းရင်းဆေးဝါးများ သောက်ဆေး/လိမ်းဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)