ကြံခင်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော ‟ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်နှင့်စာပေမှရရှိသော အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဖတ်၊ မှတ်၊ လေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းညှိနှိုင်း ဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ရှင်းလင်း ပြောကြားသည်။
ထို့နောက်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့အတွင်းရေးမှူး ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော"ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်မှ ခေါင်းဆောင်သူ၏ စိတ်သဘောထားခံယူချက်များ၊ ငယ်သားအပေါ် အကောင်းဆုံးနည်းလမ်း ပြတတ်သူ ယဉ်ကျေးမှုကျင့်ဝတ်၊ ကောင်းမှုမကောင်းမှုခွဲခြားသိရှိပြီး လမ်းညွှန်ပြသူသာ ဖြစ်ကြောင်းကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Clubအဖွဲ့နှင့် Woman Club အဖွဲ့ဝင်များက မိမိတို့၏သဘောထားအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ(Community Centre)ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)