ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ

ပွင့်ဖြူ  ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ စာပေအသိပညာတိုးပွားစေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးစွာ ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူ က အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်သန္တာတင်က အာဇာနည်ပုဂ္ဂိုလ်ကြီး(၉)ဦး၏အကြောင်းကို ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ အသိ ပညာဗဟုသုတတိုးပွားစေရန်အတွက် နယ်လှည့်အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေး ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးပြောကြားကာ မြို့နယ်ပွင့် သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း)က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ဆွေးနွေး ဟောပြောခဲ့သည်။ ယင်းနောက် ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းမှ ကျောင်းသားကျောင်းသူ(၉)ဦးက (၇၆) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိမိတို့ လေ့လာဖတ်ရှုမှတ်သားထားသည့် အာဇာနည်ပုဂ္ဂိုလ်ကြီး(၉)ဦး၏ အကြောင်းကို အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )