စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ JICA အဆင့်မြှင့် မြစ်ရေတင်ဆိုလာ စနစ်ဖြင့်တွဲဖက်၍ မြို့ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မုံရွာ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်‌ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ JICA အဆင့်မြှင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် ဆိုလာစနစ်ဖြင့် တွဲဖက်၍ မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် နွေရာသီရေရှားပါးမှုနှင့် လျှပ်စစ်မီးပြတ်တောက်မှုတို့ကြောင့် စစ်ကိုင်းမြို့နေရပ်ကွက်နေ ပြည်သူများ ရေအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသည့်အတွက် လျှပ်စစ်မီးပြတ်တောက်သည့်အချိန်များတွင်  ဆိုလာစနစ်ဖြင့် အစားထိုးတပ်ဆင်၍ မြို့ရေပေးဝေနိုင်ရေးအတွက် တိုင်းဒေသကြီး အထွေထွေပိုလျှံရံပုံငွေ GRF ရန်ပုံငွေဖြင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ထောက်ပံ့ပေးခဲ့ပြီး  ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေးလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် လျှပ်စစ်အစားထိုး ဆိုလာစနစ်ဖြင့်ရေပေးဝေရေး လုပ်ငန်းကြီးအားအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ရပ်ကွက်များရေဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသန်းက စစ်ကိုင်းမြို့၊ JICA အဆင့်မြှင့် မြစ်ရေတင် ဆိုလာစနစ်ဖြင့်တွဲဖက်၍ မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရပ်ကွက်နေပြည်သူများတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က စစ်ကိုင်းမြို့၊ JICA အဆင့်မြှင့် မြစ်ရေတင်ဆိုလာစနစ်ဖြင့်တွဲဖက်၍ မြို့ရေပေးဝေရေးလုပ်ငန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများက အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး စစ်ကိုင်းမြို့၊ JICA အဆင့်မြှင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် ဆိုလာစနစ်ဖြင့်တွဲဖက်၍ ဆောင်ရွက်သည့် ရေစုကန်များနှင့်စက်ရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ စစ်ကိုင်းမြို့၊ JICA အဆင့်မြှင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် ဆိုလာစနစ်ဖြင့် တွဲဖက်၍ မြို့ရေပေးဝေရေးဆောင်ရွက်မှုကို ဧရာဝတီမြစ်မှ မြစ်ရေတင်နေရာ ၃ နေရာတွင် စုစုပေါင်း ဆိုလာချပ်ရေ ၁၉၅ ချပ် ဖြင့် မော်တာများမောင်းနှင်ပြီး ပညာရေးတက္ကသိုလ်နှင့် ရပ်ကွက်ပေါင်း ၆ ရပ်ကွက်ရှိ ပြည်သူ ၂၆၀၀၀ ဦးအားနေ့စဉ် ရေပေးနိုင်မည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ ကျင်းရှင်းနည်းပညာစစ်ကိုင်း TV လျှပ်စစ်ဝါယာကြိုးထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံနှင့် စက်မှုဇုန်ဥက္ကဋ္ဌတို့မှ စက်ရုံ၏လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး TV လျှပ်စစ်ဝါယာကြိုး ထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ 

အဆိုပါ စက်ရုံတွင်လုပ်သား ၈၀၀ ဦးဖြင့် တစ်နေ့လျင် လျှပ်စစ်ဝါယာကြိုး ၃၀၀၀၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)