ကော့သောင်း၊ အောက်တိုဘာ ၁၃
ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ၁နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟို ဌာတွင် ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုအစီအစဉ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဖြူဖြူဆွေက ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါနှင့်စပ်ပတ်သက်၍ နယ်စပ်မြို့ဖြစ် သည့် ကော့သောင်းတွင် ပြည်ပမှ ပြန်လာသူများ၊ နေရပ်ပြန်ပင်လယ်ကူး သင်္ဘောသားများနှင့် ရောဂါပိုးတွေ့ မြို့နယ်များမှဝင်ရောက်လာ သူများအား Facility Quarantine စခန်းများတွင်ထားရှိ ကာ ဆောင်ရွက်လျက်ရှိသည့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၊ ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းနှင့် ပြည်သူများအနေဖြင့် ရပ်ကွက်နှင့်ကျေးရွာများအတွင်း ရောဂါပိုးသံသယရှိသူများတွေ့ ရှိပါက ကျန်းမာရေးဌာနသို့ သတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီပေးပို့ ပူးပေါင်းကူညီ ဆောင်ရွက်ကြရေးအသိပေးဆွေးနွေးသည်။
ဆက်လက်၍ ဝေါဗီရှင်းမြန်မာ(ကော့သောင်း)မှဒေသဖွံ့ဖြိုးရေးစီမံကိန်းမန်နေဂျာ ဒေါ်ဒီဘိုးရာ က မိမိတို့ အဖွဲ့အစည်းအနေဖြင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှုကာလအတွင်း ရောဂါကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များအဖြစ် ရပ်ကွက်နှင့် ကျေးရွာများ၊ Facility Quarantine စခန်းများ၊ အခြေခံပညာကျောင်းများ တွင် ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာနှင့်အဟာရပစ္စည်းများ ကူညီထောက်ပံ့ပေး နေမှုအခြေအနေများ၊ ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးနေမှု အခြေအနေများကို အသီးသီး အသိပေးဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်ကို ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှု ကာလအတွင်း အများပြည်သူသိရှိ လေ့လာနိုင်ရန် အွန်လိုင်းမှတဆင့် ကော့သောင်းခရိုင်ပြည်သူ့စာကြည့်တိုက် နှင့် IPRD Kawthaung လူမှုကွန်ယက်စာမျက်နှာများ တွင်လွှင့်တင်ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)