ပွင့်ဖြူမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြလုပ်

ပွင့်ဖြူ  ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး(ပညာရေးငြိမ်း)က စာရေးဆရာမ ခင်စောတင့် ရေးသားသည့် " စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ " စာအုပ်တွင် ပါဝင်သော သုတ/ရသ စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကာ မိမိတို့ဖတ်ရှုမှတ်သားထားသည့် စာပေအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသားကျောင်းသူများကို (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း စာဖတ်ရှိန် မြှင့်တင်နိုင်ရန်နှင့် စာဖတ်တတ်သည့် ပြည်သူတိုင်း စာပေနှင့် ရင်းနှီးကျွမ်းဝင်ကာ အားလပ်ချိန်များ၌ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ လစဉ် စီစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )