ကသာမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားပြုလုပ်

ကသာ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ကသာခရိုင်အသေးစားစက်မှုလက်မှုလုန်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဆွေက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ သင်တန်းတွင်ပို့ချမည့် လူသုံးကုန်ပစ္စည်းများအကြောင်းနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၁)တွင် တက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများအား သင်တန်းနည်းပြ ဆရာက ပန်းကန်ဆေးဆပ်ပြာရည် ပြုလုပ်ခြင်းကို စတင်သင်ကြား ပေးခဲ့သည်။

ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အမှတ်စဉ် (၁)သင်တန်းကို  ဇူလိုင်လ (၁၄) ရက်နေ့မှ (၁၈)ရက်နေ့အထိလည်းကောင်း၊ အမှတ်စဉ်(၂)သင်တန်းကို ဇူလိုင်လ (၂၀) ရက်နေ့မှ (၂၄)ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုင်ငံခြားမှ တင်သွင်း လာသော လူသုံးကုန်ပစ္စည်းများနေရာတွင် ပြည်တွင်းဖြစ် လူသုံးကုန်များဖြင့် အစားထိုးနိုင်ရန်၊ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများထူထောင်ကြရန်၊ တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်၊ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်၊ လူသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိနိုင်စေရန်ရည် ရွယ်၍ သင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေထံမှ သိရသည်။     

ကျော်စွာ(ကသာ)