ဘားအံမြို့တွင်  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ဘားအံ ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက် များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ကျောင်းခန်းမနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ကျောင်းခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၇၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ  အမှတ်(၁)နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ ကျောင်းသား/ကျောင်းသူများက အာရှသူရဲကောင်းတေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ် ပေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဘားအံမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်နန်းရီရီသန်းက အဖွင့် အမှာစကားပြောကြားပြီး ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကရင် ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာဦးသန်းအောင်(မောင်လူဝိုင်း)က အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အလားတူ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ အာဇာနည်ဆိုသည်မှာ၊ အာဇာနည်ခေါင်းဆောင်များ ကျဆုံးမှုနှင့်ပတ်သက်၍ရရှိခဲ့သည့် သမိုင်းသင်ခန်းစာများကို အသိပညာပေးဆွေးနွေးခဲ့ကြရာ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြ၍ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲများ၊ စကားဝိုင်းများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ဆောင်းပါးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများကို ဘားအံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘားအံမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)