ကသာ ဇူလိုင် ၁၅
ကသာခရိုင်အတွင်း တရားမဝင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကသာခရိုင်အတွင်း တရားမဝင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များ အားဖမ်းဆီးအရေးယူနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပြီး ဆောင် ရွက်မည့် အစီအမံများကို ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေးတင်ပြရန်ပြောကြားသည်။ ထို့နောက် ကသာခရိုင် အမှတ်(၁၀၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးသိန်းထိုက်စိုးက တရား မဝင်မော်တော်ယာဉ်များ၊မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရေးနှင့်ပတ်သက်၍ ဆောင်ရွက်သင့် သည်များကို လည်းကောင်း၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က မော်တော်ယာဉ် ဖမ်းဆီး ရေးဆိုင်ရာ နည်းဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လိုအပ်သည်များကို အသီးသီးဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ဖြည့်စွက် ဆွေးခဲ့ပြီး မြို့နယ်အလိုက် ကော်မတီဖွဲ့စည်းဆောင်ရွက်ပြီး အပတ်စဉ်ဆောင်ရွက်ရေး၊ ဆောင်ရွက်မှုများကို (၂)ပတ်တစ်ကြိမ် တင်ပြနိုင်ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ အစည်း အဝေးသို့ ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်