ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ဘိုကလေး ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့ နေ့လယ် (၂)နာရီတွင် ဘိုကလေးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။

အဆိုပါ စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းပြ/နည်းစနစ်မှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၀၀)ကျော် တက်ရောက်ပြီး စကားဝိုင်းမစတင်မီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခုစကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသားလူငယ်များသည် နောင်တချိန်၌ နိုင်ငံ၏သားကောင်းရတနာ လူ့စွမ်းအားအရင်းအမြစ်များ၊ မိမိတို့နိုင်ငံ၏ အမျိုး၊ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက် ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ခေတ်ကျောင်သားလူငယ်များအနေဖြင့် အရည်အသွေးပြည့်ဝ ထူးချွန်ထက်မြက်စေရန် စာများများဖတ်ရန်လိုအပ်ကြောင်း ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်များ ဘက်စုံ ထူးချွန်ထက်မြက်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ စကားပြောစွမ်းရည်တိုးတက်စေရေးနှင့် ပူးပေါင်း ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိရေးတို့ရည်ရွယ်ကာ ယခုစကားဝိုင်း ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြ/နည်းစနစ်မှူး ဦးဇေယျာမျိုးတို့မှ ဦးဆောင်ကာ ဘိုကလေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ (၂၀၂၃)ခုနှစ် အဌမတန်းလူရည်ချွန် မမြတ်ကေဇင်စိုးအပါအဝင် အထက်တန်းကျောင်းသား/သူ (၄)ဦးနှင့်အတူ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် စာပေ၊ လူငယ်နှင့် ကိုယ်ကျင့်တရား ခေါင်းစဉ်များဖြင့် စကားဝိုင်းပြုလုပ်ဆွေးနွေးကြပြီး စကားဝိုင်း တက်ရောက်လာသော ကျောင်းသား/သူများမှ သိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် စကားဝိုင်းအပြီးတွင် မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက ကျောင်းသား/သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်နိုင်ရေး လမ်းညွှန်မှုများနှင့်အတူ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)