မင်းဘူး(စကု)မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၈၃၁ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့

မင်းဘူး ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ် (၇၄)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၈၃၁ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် သိန်း ၂၄၀ ကျော်ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယခုအခါ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ် (၇၄)အုပ်စုမှ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၃၁)ဦးရှိပြီး တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၂၄,၉၃၀,၀၀၀ ကျပ်တိတိကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)