အဖျောက်မြို့၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲကျင်းပ​

တိုက်ကြီး ဇူလိုင် ၁၅

ကျေးလက်နေပြည်သူများ အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးနှင့် ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အ​ဖျောက်​မြို့၊​​ ရေ​ပေါ်​သောင်​ကျေးရွာအုပ်စု၊ မအူကုန်း ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ(၁၂)ရက်နေ့က  မအူကုန်းကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်းတွင် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်​မြင့်​တို့က အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဉီးရဲဇော်ထွန်းက သင်တန်းသား/သူများကို သင်တန်းဆင်း လက်မှတ်​များနှင့် သင်တန်းသုံးလက်သုံးကိရိယာများ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းသားသင်တန်းသူ (၁၀) ဦးတို့ဖြင့် တစ်လကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းမှ ထူးချွန်သည့် သင်တန်းသား (၅)ဦးတို့ကိုလည်း သင်တန်းနည်း​ပြနှင့် ​ကျေးရွာမှ စီမံကိန်းလုပ်ငန်းအ​ကောင်အထည်​ဖော်​ရေး​ကော်မတီအဖွဲ့တို့မှ စိစစ်ရွေးချယ်ကာ လုပ်ငန်းထူ​ထောင်သူတစ်ဦးလျှင် လုပ်ငန်းထူ​ထောင်ရန်အတွက် အနည်းဆုံး မတည်ရင်းနှီး​ငွေကျပ် (၂)သိန်းကို ကုန်​ကြမ်းပစ္စည်းအတွက် ထည့်ဝင်​စေ​ပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှလည်း (၁၀)သိန်းဖိုးနှင့် ညီမျှသော ထောက်ပံ့ပစ္စည်းများ ပံ့ပိုးကာ လုပ်ငန်းကို စတင်ထူ​ထောင်​ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)