ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ပစ္စည်းများကို မြို့မိမြို့ဖများက လှူဒါန်း

ဖျာပုံ  အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြို့မိမြို့ဖများက ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ နေ့စဉ်အလှူငွေများ လှူဒါန်းလျက် ရှိပါသည်။

ထိုသို့လှူဒါန်းရာတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့မိမြို့ဖများထံအရောက် အလှူငွေများ လက်ခံခဲ့ရာ ဦးတင်လှိုင်၊ ဒေါ်မြင့်မြင့်လှိုင် (ရွှေပြည်အေးဆန်စက်နှင့် မင်းရွှေဇင်မိသားစု) မှ အလှူငွေကျပ် (၁၀) သိန်း၊ Hello Baby Store မိသားစုမှ မွေးကင်းစကလေး အသုံးအဆောင် ကလေးကစားစရာပစ္စည်းမျိုးစုံနှင့် Mask (၅၀) ဗူး၊ သစ်၊ ဝါး၊ ဓနိ လုပ်ငန်းရှင်များအသင်းမှ အလှူငွေ ကျပ် (၅) သိန်း၊ ဦးကျော်မြင့်၊ ဒေါ်ကြည်မိသားစုမှ ကျပ်(၂)သိန်း၊ ဦးကျော်မင်းသူ၊ ဒေါ်စန်းစန်းနိုင် မိသားစုမှ ကျပ် (၁) သိန်း၊ ရဟန်းဒါယိကာမကြီး ဒေါ်မြင့်မြင့်ရီအား ရည်စူး၍ ဦးသံချောင်းမိသားစုမှ ကျပ် (၁) သိန်း စုစုပေါင်းငွေကျပ် (၁၉) သိန်းကို လှူဒါန်းခဲ့ကြသည်၊၊

အဆိုပါ လှူဒါန်းငွေနှင့် ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ၁၂-၁၀-၂၀၂၀ ရက်နေ့ ညနေ (၆) နာရီအထိ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ (၂၁) ဦး၊ Facility Quarantine အဖြစ် အသွားအလာ ကန့်သတ်စောင့်ကြည့်သူ (၂၉၀) ဦး၊ Home Quarantine နေအိမ်အတွင်း အသွားအလာ ကန့်သတ် စောင့်ကြည့် ထားသူ (၃၈၇) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃) ဦးရှိပြီး သံသယလူနာမရှိကြောင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

လှလှနွယ် (ခရိုင်ပြန်/ဆက်)