သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြောင်းမြမြို့တွင် သမဝါယမအသင်းဝင် တောင်သူများနှင့်တွေ့ဆုံ

 

မြောင်းမြ ဇူလိုင် ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့ နည်းပညာပြန့်ပွားရေး စင်တာတွင် သမဝါယမအသင်းဝင် တောင်သူများနှင့်  ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြောင်းမြမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာညွန့်က မြို့နယ်အတွင်း သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးရန် စီစဉ်ထားရှိမှုအခြေအနေများ၊ ဆန်စပါးလုပ်ငန်းကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး သွင်းအားစုများပံပိုးပေးမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးနှင့် မိုးစပါး စိုက်ပျိုးသည့် တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်က ဆန်စပါးစိုက်ပျိုးမှုများနှင့်ပတ်သက်၍ တောင်သူများကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင်  ဝန်ကြီးဌာန၏လုပ်ဆောင်ချက်များ၊ သမဝါမအသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသင်းအနေဖြင့် တောင်သူများကို ကူညီပံ့ပိုးပေးနိုင်မှုများ၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနေမှုများကို ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော  တောင်သူများက စိုက်ပျိုးရေးကိစ္စရပ်များ၊  မိမိတို့ ကျေးရွာလမ်းတံတားများနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြား ရှင်းလင်းပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် တောင်သူများ၏ တင်ပြဆွေးနွေးချက်များသည် ခရီးစဉ်မှတ်တမ်းတွင် မှတ်တမ်း ကျန်ခဲ့မည်ဖြစ်ပြီး ကဏ္ဍအလိုက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင်  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သမဝါယမအသင်းသား တောင်သူ ၆၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် ဝါးခယ်မမြို့နယ်၊ ကြတ်ခတ်ကုန်းကျေးရွာတွင်လည်း မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံခဲ့​ပြီး မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (မြောင်းမြ)