ဟင်္သာတ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ဟင်္သာတမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ “ဟင်္သာ” ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဟင်္သာတခရိုင်အနေဖြင့် အောင်ချက်ရာခိုင်နှုန်း ဒုတိယအများဆုံး ရရှိခဲ့ပါကြောင်း၊ ဟင်္သာတမြို့သည် သမိုင်းကြောင်းကောင်းမွန်ခဲ့သည့် မြို့တစ်မြို့ဖြစ်ပြီး ဟင်္သာတမြို့မှ နိုင်ငံ့တာဝန်ထမ်းဆောင်နေသူများ၊ သာသနာ့နယ်ပယ်တွင် ထွန်းတောက်နေသူများ၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာနယ်ပယ် အသီးသီးတွင် ထွန်းပေါက်အောင်မြင်နေကြသူများစွာရှိကြောင်း၊ ကျောင်းသား/သူများမှလည်း ဆက်လက်ကြိုးစားနေကြရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာတက္ကသိုလ်များ၊ သက်ဆိုင်ရာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် ဆက်လက် ပညာဆည်းပူးရမည်ဖြစ်ပါကြောင်း၊ ဝမ်းမြောက်ဂုဏ်ယူသည့်အတွက် ယခုကဲ့သို့ အခမ်းအနားပြုလုပ် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာကြီး ဦးတိုးဝင်းမှ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ထူးချွန်စွာအောင်မြင်ခဲ့ကြသော (၃)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူများအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီးနေလင်းအောင်တို့်မှလည်းကောင်း၊ (၂)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူများအား ခရိုင်ပညာရေးမှူး ဆရာကြီး ဦးတိုးဝင်းမှလည်းကောင်း၊ (၁)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူများအား ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် တာဝန်ရှိသူများမှလည်းကောင်း ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်ပညာရေးမှူးနှင့် မြို့ပေါ်စာသင်ကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၊ မိဘများ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)