မကွေးတိုင်းဒေသကြီး MSME Agency နှင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ပူးပေါင်းစီစဉ်သည့် COVID-19 Safety for SME Online သင်တန်း ဖွင့်လှစ်ပို့ချ

မကွေး     အောက်တိုဘာ     ၁၃

မကွေးတိုင်းဒေသကြီး MSME Agency နှင့် မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ပူးပေါင်းစီစဉ်သည့် COVID-19 Safety for SME Online သင်တန်းကို  ယမန်နေ့မွန်းလွဲပိုင်းက စတင်ဖွင့်လှစ် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကိုဗစ်-၁၉ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ထိခိုက်နိုင်ခြေရှိသည်များ၊ COVID-19 OSH သည် အဘယ်ကြောင့် သင်၏ စီးပွားရေးလုပ်ငန်းအတွက် အရေးကြီးသလဲ၊ ကိုဗစ်-၁၉ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ထိန်းချုပ်ရေး လုပ်ဆောင်ချက်များ၊ ကိုဗစ်-၁၉ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စီမံခန့်ခွဲခြင်းနှင့် ကိုဗစ်-၁၉ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အလုပ်ရှင်နှင့် အလုပ်သမားများ၏ တာဝန်များ စသည့်ခေါင်းစဉ်များဖြင့် ILO နှင့် SIYB Myanmar မှ ပေးအပ်သော COVID-19 Safety for SMEs(OSH) Trainer ဖြစ်သူ မကွေးတိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်မြင့်မြင့်သိန်းက သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးက စီးပွားရေးလုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ သင်တန်သား၊သင်တန်းသူ ၂၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး အောက်တိုဘာလ ၁၂ ရက်နေ‌ေမှ ၁၅ နေ့ထိ၊ နေ့စဉ် မွန်းလွဲ ၁ နာရီ မှ ၃ နာရီခွဲ ထိ ZOOM APP ဖြင့် အွန်လိုင်းက သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းမှ မိမိလုပ်ငန်း၊ ဌာန၊ နေရာများကို ကျန်းမာရေး အသိပညာများဖြင့် စနစ် တကျ စီမံနိုင်စေမည်ဖြစ်ပြီး၊ မိမိ၏လုပ်ငန်းရုံးနှင့် မိသားစုအတွက် ကိုဗစ်-၁၉  ဘေးအန္တရာယ်ကို ထိန်းချုပ်ကာကွယ်နိုင်ရန် OSH Plan ကို ရေးဆွဲနိုင်မည်ဖြစ်ကာ၊ သင်တန်းပြီးမြောက်ပါက  ILO နှင့် SIYB Myanmar အသိအမှတ်ပြုလက်မှတ်နှင့် ကိုဗစ်-၁၉ အန္တရာယ်ကာကွယ်ရေးကို ပူးပေါင်းပါဝင်မှုအတွက် မကွေးတိုင်းဒေသကြီး MSME Agency နှင့်  မကွေးတိုင်းဒေသကြီး လူငယ် ရေးရာကော်မတီ၏ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)