မင်းဘူး အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ယာဉ်နောက် လိုက် (၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး ဖလံရုံ ကျေးရွာ (ရန်ကုန်မှပြန်လာသူ) အမျိုးသားတစ်ဦးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။
မင်းဘူးမြို့ မော်တော်ယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁) ဦးကို RDT Test Kits ဖြင့် Swab များရယူစစ်ဆေးရာမှ ယာဉ်နောက်လိုက် (၁)ဦးတွင် ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့ကြောင်း၊ မင်းဘူးခရိုင်ပြည်သူဆေးရုံကြီးမှ Ambulance ဖြင့် ညနေ ၃ နာရီအချိန်က သွားရောက်ခေါ်ဆောင်၍ သီးသန့်ဆောင်၌ ဆေးကုသပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။
အတည်ပြုလူနာ အသက် (၂၁)နှစ် အမျိုးသားသည် ရန်ကုန်မှပြန်လာသူဖြစ်ပြီး ဖလံရုံ ကျေးရွာနှင့် ဆက်စပ်မှုမရှိကြောင်း၊ ၎င်းနှင့်ဆက်စပ်သူ ယာဉ်မောင်း အသက်(၅၁)နှစ် အမျိုးသား ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာကားကြီးကွင်းတွင် နေထိုင်သူကို အောက်တိုဘာ ၁၂ ရက် ယနေ့ ညနေ ၃ နာရီခွဲ အချိန်က မင်းဘူးမြို့ အ.ထ.က(၂) ကျောင်းတွင် Facility Quarantine ထားရှိပြီးဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောသည်။
မင်းဘူးမြို့တွင် ပိုးတွေ့လူနာ (၇)ဦးအထိ တွေ့ရှိခဲ့ပြီး (၂)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့အထိ ပိုးတွေ့လူနာ (၅)ဦး ဆေးကုသမှုခံယူနေပြီး ကျန်းမာ ရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)