ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကျင်းပ

ပခုက္ကူ ဇူလိုင် ၁၄

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ များကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ ပင်မဆောင် (Theatre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်ရှိဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စာစီစာကုံးပြိုင်ပွဲတွင်(၄၅)ဦး၊ ကဗျာပြိုင်ပွဲတွင်(၈)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင်(၇)ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုကြီး ထာဝရရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့်ပြည်ထောင်စု စိတ်ဓာတ်များ ထာဝရစဉ် ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊  ပြိုင်ပွဲများအလိုက် ဆုရရှိ သူများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောသည်။

ဘာမီသာ(ပခုက္ကူ)