တနင်္သာရီ၊ အောက်တိုဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထက-တနင်္သာရီကျောင်းအတွင်း အောက်တိုဘာလ ၁ ရက်မှစ၍ လုံခြုံရေးသင်တန်း လေ့ကျင့်သင်ကြားပေးနေသည့် အထူးရဲတပ်ဖွဲ့ဝင်သင်တန်းသား (၉၈) ဦးနှင့် အုပ်ချုပ်သူ (၄) ဦး၊ နည်းပြဆရာ (၁၁) ဦး၊ စုစုပေါင်း (၁၁၃) ဦးအား တနင်္သာရီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းမှဦးစီးသော ကျန်းမာရေးဆရာ၊ ဆရာမ (၁၃) ဦးတို့က အောက်တိုဘာလ ၁၂ ရက်နေ့က အထက-တနင်္သာရီကျောင်းဆောင်များအတွင်း တပ်စု (၃) စု ခွဲ၍ Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးရာ ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ သံသယလူနာမတွေ့ (မတွေ့)ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရှိရသည်။
ဆက်လက်၍ ကျန်ရှိသော အထူးရဲတပ်ဖွဲ့ဝင် (အရန်) သင်တန်းသား (၅) ဦးနှင့် နည်းပြ (၆) ဦး တို့အား အောက်တိုဘာလ (၁၃) ရက်နေ့တွင် Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးသွားမည်ဟု မြို့နယ်ဆရာဝန်ကြီးထံက သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)