ထားဝယ် ဇူလိုင် ၁၄
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နံရံကပ်ပြဘုတ်များနှင့်စာအုပ်စာစောင်များခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများမျိုးချစ်စိတ်ဓါတ်နှင့် နိုင်ငံချစ်စိတ်ဓါတ်များထက်သန်စေရန်၊ မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိစေရန်အတွက် အသက်ကိုပဓာနမထားပဲ စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားမြတ်နိုး တန်ဖိုးထားတတ်ရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်သည်။
ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ကျောင်းသား/ကျောင်းသူများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ကိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ နောင်တစ်ချိန်နိုင်ငံအကြီးအကဲဖြစ်လာမည့် ကျောင်းသား/ကျောင်းသူအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလို ဇွဲ၊ လုံ့လ၊ ဝိရိယရှိသူ၊ သတ္တိရှိသူများဖြစ်လာအောင်ကြိုးစားကြရမှာဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကြောင်းကို အကျဉ်းချုပ်ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ခင်းကျင်းပြသထားသော အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိနှင့် အဆိုအမိန့်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင် မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်မိန့်ခွန်းများ၊ အာဇာနည်(၉)ဦး၏မှတ်တမ်းဓာတ်ပုံများနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)