မအူပင် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁) ဘာသာ၊ (၂) ဘာသာ၊ (၃) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဆုနှင်းသဘင်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မအူပင်ခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မအူပင်မြို့နယ် အသင်း(ရန်ကုန်)၏ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းမှ ဂုဏ်ပြုချီးမြှင့်စကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ပေးသော (၆) ဘာသာ၊ (၅) ဘာသာ၊ (၄) ဘာသာဂုဏ်ထူး ရရှိသူများထဲမှ အကြောင်းအမျိုးမျိုးကြောင့် ပုသိမ်မြို့၊ မြို့တော်ခန်းမဆုချီးမြှင့်ပွဲသို့ မတက်ရောက်နိုင်သူ (၈) ဦး၊ (၁) ဘာသာ၊ (၂) ဘာသာ၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၂၆၂)ဦးနှင့် အောင်ချက်အကောင်းဆုံးကျောင်း (၃) ကျောင်းအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ ကိုယ်စား (၃) ဘာသာဂုဏ်ထူးရှင် ကျောင်းသား (၁) ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အ.ထ.က(ခွဲ) အ.လ.က (၁) ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)