ပေါင်းတည်၌ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အ​ခြေခံစားသုံးကုန်များ သောကြာနေ့တိုင်း ရောင်းချပေး

ပေါင်းတည် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဈေး ၂ ရပ်ကွက်၊ ဘုရားကြီးလမ်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် ကိုယ်တိုင် စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများ၏ အခြေခံစားသုံးကုန်များကို သက်သာသောစျေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချမှုအား ယနေ့နံနက် ၇ နာရီမှ နံနက် ၉ နာရီ အချိန်ထိ ဖွင့်လှစ်ရောင်းချပေးကြကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ရတနာတိုးဆန်ကို တစ်ပြည်၂၄၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ တစ်ပိဿာလျှင် ယခုပေါက်စျေးနှုန်း ၁၃၀၀၀ ကျပ်ရှိသော ကြက်ရင်ပုံသားကို ၁၁၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်နှုန်းရှိသော ဝက်သားကို ၁၃၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ တစ်ပိဿာလျှင် ယနေ့ပေါက်စျေးနှုန်း ၁၈၀၀၀ ကျပ်ရှိသော ငါးကြင်းကို ၁၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်လုံးလျှင် ယခုပေါက်စျေးနှုန်း ၂၇၀ကျပ်ရှိသော ကြက်ဥကို ၂၅၀ ကျပ်နှုန်းဖြင့်လည်းကောင်း စားသုံးသူပြည်သူများသို့ ရောင်းချပေးခဲ့ကြပြီး အလားတူဟင်းသီးဟင်းရွက်များကိုလည်း သက်သာသောနှုန်းထားများဖြင့် အသီသီးရောင်းချပေးခဲ့ရာ ဆန်နှင့်ကြက်ဥကို ဝယ်ယူသူများပြားခဲ့ပြီး ဆန် ၅အိတ်နှင့်ကြက်ဥအလုံး ၃၀၀ ရောင်းချပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ စားသုံးကုန်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနများမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ အပတ်စဉ်သောကြာနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)