နန်းယွန်း ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးထုတ်လုပ်ရေးစီမံချက်ဖြင့်ဆောင်ရွက်သော ပျိုးပင်၊မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်က ဆွေးနွေးပြောကြားရာတွင် ရွှေ့ပြောင်းတောင်ယာမှ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ခင်းများ ပေါ်ထွက် လာစေရန်နှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းအားဖြင့်ဒေသခံတောင်သူများ လူမှုစီးပွား ဘဝတိုးတက်မြင့်မားစေရေးတို့အတွက်ရည်ရွယ်၍ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးထုတ်လုပ်ရေး
စီမံချက်ဖြင့်ဆောင်ရွက်သော မိုးသီးနှံမျိုးကောင်းမျိုးသန့်များအား ထောက်ပံပေးအပ်ရခြင်းဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းများအတွင်းတွင် စိုက်ပျိုးရေး နည်းပညာများ လိုအပ်လာလျှင်လည်းကောင်း၊ မိမိတို့စိုက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည့်အကူအညီများကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ရှင်းလင်း ပြောကြားသည်။
ထိုနောက် နန်းယွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် ဒုံဟီးမြို့ရပ်ကွက်၊ ကျေးရွာများအတွက် ကော်ဖီ(၅၀၀၀)ပင်၊ လက်ဖက်(၅၀၀၀)ပင်၊ ချဉ်ပေါင်ဖလာ (၈၂၄၀)ပင်၊ လိမ္မော်(၁၈၀၀)ပင်၊ မျောက်ငို(၁၀၀)ပင်၊ မက်မန်း(၁၀၀)ပင်၊ မက်ကာဒီးယား(၅၀၀)ပင်၊ ထောပတ်(၃၀)ပင်၊ မိုးစပါး(၁၇)တင်း၊ အစေ့ထုတ်ပြောင်းရေဆင်း-၁၁ (၅၀)ကီလို၊ အစေ့ထုတ် ပြောင်း ဧကရီ(၁၀၀)ကီလို၊ မြေပဲဆင်း-၁၁(၂၀)တင်း၊ ပဲပုပ်(ဒေသ) (၁၀)တင်း၊ ဆီမုန်ညင်း(ဒေသ) (၂)တင်းနှင့် နေကြာ(ရေဆင်း-၁၁)(၃၀)ကီလိုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်တို့က တောင်သူများထံသို့အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပျိုးပင်၊မျိုးစေ့များပေးအပ်ပြီးနောက် စိုက်ပျိုးနည်းပညာသင်တန်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာသင်တန်းကို ဆက်လက်ပို့ချပေးရာ သင်တန်းသား၊ သင်တန်းသူ(၆၀)ဦးတို့အား သင်ကြားပို့ချကာ တက်ရောက်လာကြသူတို့အား နည်းပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)